အမှောင်ထဲက ကျွန်တွေ
ကျွန်ခေတ်ရဲ့နိဂုံးကောင်းကင်ကနေ ပရိုဂရမ်မာဟာ
လေထီးနဲ့ ဝေဖာထုပ်တွေ ချပေးခဲ့တယ်
ဝေဖာပေါ်မှာ ကောင်းကင်ဘုံဘာသာစကားကို
လက်သည်းနဲ့ထွင်းထားတဲ့ ကြေညာစာတမ်းတွေ
ငတ်နေတဲ့ ကျွန်တွေဟာ
ကြေညာစာတမ်းပါတဲ့ ဝေ ဖာတွေကို စားပြီးကြတဲ့နောက်
သူတို့အလံဟာ ဘာမဆိုဖြစ်နိုင်သွားတယ်
ကျောက်ခေတ်တုန်းကတာ့ လူတွေဟာ အိပ်မက်ကို
ဘာပါလို့ ထင်ရမှန်းကို မသိတာ
ကျွန်ခေတ်ရောက်တော့ အိပ်မက်ဆိုတာ စိုးရိမ်စရာပဲ
စိုးရိမ်စိတ်ကို အလံအဖြစ် တီထွင်နိုင်လိုက်တာဟာ
ကောင်းဖို့ရော ဆိုးဖို့ရော၊ အလံမှာက မျက်နှာနှစ်ဖက်
ကျွန်တယောက်ရဲ့ ဖင်ကို စို့သွင်းသတ်ဖို့ကနေ
ကနဦးဒီမိုကရေစီခန်းမရဲ့ စကျင်ကျောက်သားတိုင်တွေကို ပွတ်ရင်း အာသာဖြေနေဖို့အထိ
အလံတခုအောက်မှာဆိုရင် အေးဆေးပဲ
မြို့လုံးကျွတ်စည်းဝေးပွဲတွေမှာ ကျွန်တွေဟာ
သီးနှံနဲ့ သေရည်တင်တဲ့ စားပွဲ
ရန်သူ့ခါးအောက်ပိုင်းကို ခုတ်မိခဲ့လို့ ချီးစော်နံနေတဲ့ သူရဲကောင်းရဲ့ဓားတင်တဲ့ ကျောက်ကလပ်
လူထုစည်းဝေးပွဲကြီးရဲ့ ဟေးလားဝါးလားအဖြစ် နေရတယ်
ကျွန်တွေရဲ့တော်လှန်ရေးဟာ မကြာခင်စတော့မယ်
မြို့ဂိတ်တံခါးက အလံဟာ တနေ့တခြား လူသေနံ့ရလာတယ်
မိန်းကလေးတယောက် ပထမဆုံး ရာသီသွေးစတင်တော့
သားအိမ်ဟာ သုတ်ပိုးလက်ခံနိုင်ပြီ အချက်ပြသိရသလို
လူသမိုင်းရဲ့ ယဉ်ကျေးမှုအခြေပြဇယားမှာ
ရှေ့ကိုဆက် ချီတက်တော့မယ့် ကာလရောက်တိုင်း
အလံတွေဟ ာ သွေးစွန်းပေတတ်စမြဲ
အမှောင်ထဲမှာ ဓားသွေးနေတဲ့ ကျွန်တအုပ်
ပိုပြီးမှောင်ဖို့ စောင့်လို့နေ။ ။
လင်းခါး